ထိုင်းနိုင်ငံခြားရေးမူဝါဒနှင့် မွန်တော်လှန်ရေး
မွန်တော်လှန်ရေးသမိုင်းကို ပြန်ကြည့်လျှင် ပထဝီနိုင်ငံရေးသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ မွန်ပြည်သစ်ပါတီ (NMSP) ၏ ကံကြမ္မာသည် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲများအပေါ် များစွာ မှီခိုခဲ့ရသည်။ တော်လှန်ရေးအဖွဲ့အစည်းတခုသည် မိမိ၏ရပ်တည်မှုကို အိမ်နီးချင်းနိုင်ငံ၏ မူဝါဒအပေါ် အလွန်အကျွံ ပုံအပ်ထားမိပါက မည်ကဲ့သို့သော အကျိုးဆက်များ ကြုံတွေ့ရနိုင်သည်ကို မွန်တို့၏ ၁၉၉၅ ခုနှစ် အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်က သက်သေပြနေသည်။
ယခုစာက ထိုင်းနိုင်ငံ၏ "ကြားခံနယ်မြေမူဝါဒ" မှ "အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံရေးမူဝါဒ" သို့ ပြောင်းလဲလာပုံနှင့် မွန်တော်လှန်ရေး၏ အလှည့်အပြောင်းကို သုံးသပ်ရန်ဖြစ်သည်။
(၁) ကြားခံနယ်မြေအဖြစ် အသုံးချခံရခြင်း (၁၉၆၀ - ၁၉၈၈)
စစ်အေးတိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံသည် ကွန်မြူနစ်ဝါဒ ပြန့်ပွားမှုကို အလွန်စိုးရိမ်ခဲ့သည်။ မြန်မာနိုင်ငံဘက်ခြမ်းမှ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ထိုင်းနိုင်ငံဘက်ခြမ်းမှ ထိုင်းကွန်မြူနစ်ပါတီ (CPT) တို့ ချိတ်ဆက်မိသွားမည်ကို တားဆီးရန်အတွက် ထိုင်းစစ်တပ်သည် နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (မွန်၊ ကရင်၊ ရှမ်း) ကို "ကြားခံနယ်မြေ" အဖြစ် အသုံးပြုခဲ့သည်။
Ashley South ၏ အဆိုအရ ထိုင်းလုံခြုံရေးတပ်ဖွဲ့များသည် မွန်နှင့် ကရင် လက်နက်ကိုင်များကို နယ်စပ်တွင် အခြေစိုက်ခွင့်ပြုခဲ့ရုံသာမက၊ လက်နက်ခဲယမ်း ဝယ်ယူခွင့်နှင့် မှောင်ခိုကုန်သွယ်ရေးလမ်းကြောင်းများကိုပါ ဖွင့်ပေးခဲ့သည်။ ဘုရားသုံးဆူဂိတ်သည် မွန်တော်လှန်ရေးအတွက် အသက်သွေးကြော ဖြစ်ခဲ့သလို၊ ထိုင်းကုန်သည်များအတွက်လည်း ရွှေတွင်းတစ်ခု ဖြစ်ခဲ့သည်။ ဤကာလတွင် မွန်တော်လှန်ရေးသည် ထိုင်း၏လုံခြုံရေးအကျိုးစီးပွားနှင့် တိုက်ဆိုင်နေသဖြင့် "မဟာမိတ်" သဖွယ် ဆက်ဆံခံခဲ့ရသည်။ သို့သော် ယင်းသည် စစ်မှန်သော မိတ်ဆွေဖြစ်မှုထက် အပြန်အလှန်အကျိုးစီးပွားပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။
(၂) စစ်မြေပြင်မှသည် ဈေးကွက်ဆီသို့ (၁၉၈၈ နောက်ပိုင်း)
၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အေးတိုက်ပွဲ ပြီးဆုံးသွားချိန်တွင် ထိုင်းနိုင်ငံ၏ မူဝါဒသည် ဇောက်ထိုးပြောင်းလဲသွားခဲ့သည်။ ထိုင်းဝန်ကြီးချုပ် Chatichai Choonhavan သည် "စစ်မြေပြင်မှသည် ဈေးကွက်ဆီသို့" ဟူသော မူဝါဒကို ကြွေးကြော်ခဲ့သည်။ ဤသည်မှာ မွန်တော်လှန်ရေးအတွက် ကံဆိုးမိုးမှောင်ကျမှု၏ အစပျိုးခြင်းပင်ဖြစ်သည်။
ထိုင်းနိုင်ငံသည် ၁၉၈၉ ခုနှစ်တွင် ပြည်တွင်းသစ်ထုတ်လုပ်မှုကို ပိတ်ပင်လိုက်သောအခါ၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာစစ်အစိုးရ (နဝတ) ထံမှ သစ်ထုတ်လုပ်ခွင့်လိုင်စင်များကို ရယူခဲ့ကြသည်။ ထိုသစ်တောများသည် မွန်နှင့် ကရင် တော်လှန်ရေးနယ်မြေများတွင် ရှိနေသည်။ တစ်ချိန်က ကွန်မြူနစ်ရန်ကို ကာကွယ်ပေးသော မွန်တော်လှန်ရေးသမားများသည် ယခုအခါ ထိုင်းစီးပွားရေးသမားများ၏ "အနှောင့်အယှက်" ဖြစ်လာခဲ့သည်။
Ashley South ထောက်ပြခဲ့သည့် အရေးကြီးဆုံးအချက်မှာ ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဖြစ်သည်။ မုတ္တမပင်လယ်ကွေ့မှ ထိုင်းနိုင်ငံ ကန်ချနဘူရီသို့ သွယ်တန်းမည့် ပိုက်လိုင်းလမ်းကြောင်းသည် မွန်ပြည်သစ်ပါတီ (NMSP) လှုပ်ရှားရာ နယ်မြေကို ဖြတ်သန်းရမည်ဖြစ်သည်။ ထို့ကြောင့် ထိုင်းအစိုးရနှင့် PTT (ထိုင်းရေနံကုမ္ပဏီ) အတွက် မွန်တို့၏ လက်နက်ကိုင်တိုက်ပွဲသည် စီးပွားရေးအရ ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာသည်။
(၃) ၁၉၉၅ အပစ်အခတ်ရပ်စဲရေးနှင့် ဖိအားများ
၁၉၉၀ ခုနှစ်တွင် ဘုရားသုံးဆူ စခန်းကျဆုံးခြင်းသည် စစ်ရေးအရ ရှုံးနိမ့်မှုဖြစ်သော်လည်း၊ ၁၉၉၅ ခုနှစ် အပစ်အခတ်ရပ်စဲရေးသည် နိုင်ငံရေးနှင့် စီးပွားရေးဖိအားများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ Ashley South ၏ ဖော်ပြချက်အရ ထိုင်းအာဏာပိုင်များသည် NMSP ကို အပစ်ရပ်ရန် နည်းလမ်းပေါင်းစုံဖြင့် ဖိအားပေးခဲ့သည်-
- ထိုင်းနိုင်ငံတွင်းရှိ မွန်ခေါင်းဆောင်များ၏ သွားလာလှုပ်ရှားခွင့်ကို ကန့်သတ်ခြင်း။
- နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို ပိတ်ပင်ခြင်း။
- ဒုက္ခသည်များကို လက်နက်သဖွယ်အသုံးချခြင်း - ဟလော့ခနီ (ခလောက်ခနီ) ဒုက္ခသည်စခန်းကို မြန်မာစစ်တပ်က တိုက်ခိုက်ချိန်တွင် ထိုင်းဘက်သို့ ထွက်ပြေးလာသော ဒုက္ခသည်များကို လက်မခံဘဲ အတင်းအကျပ် ပြန်ပို့ခဲ့သည်။ ဤသည်မှာ NMSP ခေါင်းဆောင်ပိုင်းကို "အပစ်မရပ်လျှင် မင်းတို့လူထု ဒုက္ခရောက်မည်" ဟူသော သတင်းစကားပါးခြင်းပင် ဖြစ်သည်။
ရလဒ်အနေဖြင့် NMSP သည် စစ်ရေးအရ အသက်ရှူကြပ်လာပြီး၊ ထိုင်းနိုင်ငံ၏ ကျောထောက်နောက်ခံ မရှိတော့သဖြင့် ၁၉၉၅ ခုနှစ်တွင် နဝတနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ရသည်။ ဤအပစ်ရပ်စဲရေးသည် နိုင်ငံရေးဆွေးနွေးပွဲအတွက်မဟုတ်ဘဲ၊ ထိုင်းနှင့် မြန်မာစစ်အစိုးရ၏ စီးပွားရေးစီမံကိန်းများအတွက် လမ်းရှင်းပေးလိုက်ရခြင်းသာ ဖြစ်သည်။
(၄) သင်ခန်းစာနှင့် သုံးသပ်ချက်အရ ကိုယ်ပိုင်အင်အား
ဤသမိုင်းဖြစ်စဉ်မှ ရရှိသော အကြီးမားဆုံးသော သင်ခန်းစာမှာ "အိမ်နီးချင်းနိုင်ငံများ၏ မူဝါဒအပေါ် မှီခိုလွန်းခြင်း၏ အန္တရာယ်" ပင် ဖြစ်သည်။
- အကျိုးစီးပွားသာ အဓိက - နိုင်ငံတကာဆက်ဆံရေးတွင် ထာဝရမိတ်ဆွေဟူ၍ မရှိ၊ ထာဝရအကျိုးစီးပွားသာ ရှိသည်။ ထိုင်းနိုင်ငံသည် မွန်တို့ကို ချစ်ခင်၍ ကူညီခဲ့ခြင်းမဟုတ်ဘဲ၊ ၎င်းတို့၏လုံခြုံရေးအတွက် လိုအပ်ချိန်တွင် ကြားခံအဖြစ်သုံးခဲ့ပြီး၊ စီးပွားရေးအတွက် လိုအပ်ချိန်တွင် စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။
- လှေကြုံလိုက်ခြင်း၏ ဆိုးကျိုး - မွန်တော်လှန်ရေးသည် ကိုယ်ပိုင်စီးပွားရေး၊ ကိုယ်ပိုင်ထောက်ပို့လမ်းကြောင်း ခိုင်မာအောင် မတည်ဆောက်နိုင်ဘဲ ထိုင်းနယ်စပ်ကုန်သွယ်ရေးနှင့် ထိုင်းစစ်တပ်၏ မျက်နှာသာပေးမှုအပေါ် မှီခိုခဲ့ရသည်။ ထိုမှီခိုအားထားရာ ပျောက်ဆုံးသွားချိန်တွင် တော်လှန်ရေးပါ ယိုင်နဲ့သွားခဲ့ရသည်။
ဘာကိုဆိုလိုသလဲ
လက်ရှိ နွေဦးတော်လှန်ရေးကာလတွင်လည်း ဤသင်ခန်းစာသည် အလွန်အရေးကြီးသည်။ မွန်အပါအဝင် တော်လှန်ရေးအင်အားစုများသည် နိုင်ငံတကာအသိုင်းအဝိုင်း သို့မဟုတ် အိမ်နီးချင်းနိုင်ငံများ၏ ဖိအားပေးမှုကို မျှော်လင့်နေမည့်အစား "ကိုယ်ပိုင်အင်အား" ကိုသာ အဓိကထား တည်ဆောက်ရမည် ဖြစ်သည်။
ပြည်တွင်းရှိ ပြည်သူလူထု၏ ထောက်ခံမှု၊ တိုင်းရင်းသားမဟာမိတ်များအကြား စည်းလုံးမှုနှင့် ကိုယ်ပိုင်ဝင်ငွေရလမ်းများကို ဖန်တီးနိုင်မှသာလျှင် အိမ်နီးချင်းနိုင်ငံများ၏ မူဝါဒလေသင့်ရာသို့ ပါသွားသော "ဒိုက်" ဘဝမှ လွတ်မြောက်ပြီး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်သော လူမျိုးတစ်မျိုး ဖြစ်လာမည် ဖြစ်သည်။ ၁၉၉၅ ခုနှစ်၏ သင်ခန်းစာမှာ ရှင်းလင်းသည်။ "သူများအိမ်ခြံစည်းရိုးကို မှီပြီး အိမ်ဆောက်လျှင် ခြံစည်းရိုးဖျက်သည့်နေ့တွင် အိမ်ပါ ပြိုလိမ့်မည်" ဟူသတည်း။
Comments
Post a Comment